ငါဘယ်လိုလူ ဖြစ်လာမလဲဆိုတာ ငါနေ့စဉ် အချိန်တိုင်း အချိန်တိုင်းမှာ ဘာတွေဆုံးဖြတ်နေသလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဆုံးဖြတ်နေတဲ့ ဆုံးဖြတ်ချက်တွေဟာ ကိုယ့်ကို ဘယ်လိုလူ ဖြစ်လာမလဲဆိုတာကို ပုံဖေါ်နေတာပဲ၊ ဖန်တီးနေတာပဲ၊၊ ဆုံးဖြတ်ချက်တွေဟာ အုတ်ချပ်နဲ့တူတယ်။ အုတ်ချပ်ကလေးတွေကို
တစ်ချပ်ချင်းစီပြီး ဆောက်သွားတဲ့အခါမှာ အိမ်တစ်အိမ်ဖြစ်လာသလိုပဲ အဲဒီ ဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ လူတစ်ယောက် ဖြစ်လာတယ်။
ကိုယ့်ဘဝနဲ့ပတ်သက်တာ ကိုယ့်ဟာကိုယ် မဆုံးဖြတ်နိုင်တဲ့သူမှာ ဘာလွတ်လပ်မှုမှ မရှိဘူး။ ကိုယ့်ဘဝကို ကိုယ့်လက်ထဲမှာပဲ ထားပါ။
ဆုံးဖြတ်စရာရှိရင် ကိုယ့်ဥာဏ်နဲ့ ကိုယ် ဆုံးဖြတ်ပါ။ ဒါမှ သတ္တိရှိတဲ့သူ ဆုံးဖြတ်ရဲတဲ့သူ ဖြစ်လာမယ်၊၊ ကိုယ့်ကိစ္စ ကိုယ့်ဆုံးဖြတ်မှ ကိုယ့်ဘဝကို ကိုယ် တာဝန်ယူတဲ့သူ ဖြစ်မယ်။ တိုင်ပင်ချင်ရင် သဘာဝကျကျ တွေးတတ် လုပ်တတ်တဲ့သူနဲ့ တိုင်ပင်ပါ။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ကိုယ့်ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။ ကိုယ့်ဆုံးဖြတ်ချက် မှားရင်လည်း ကိုယ့်ဟာကိုယ်ပဲ တာဝန်ယူပါ။ ဒါမှ တစ်နေ့တခြား ဆုံးဖြတ်ချက် ပိုမှန်လာလိမ့်မယ်၊၊ ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်ဘဝကို နေနိုင်မှ စိတ်ဓာတ် ရင့်ကျက်မှု ဖြစ်မယ်။ တစ်နေ့တခြား ဥာဏ်ပညာ ပိုပြီး လေးနက် ရင့်ကျက်လာမယ်။ ပိုပြီး
လွတ်လပ်လာမယ်။ ကိုယ့်ဘဝနဲ့ ပတ်သက်တာကို သူများကို ဆုံးဖြတ်ခိုင်းတာဟာ ကိုယ့်ဘဝကို ကိုယ် တာဝန်မယူတာပဲ။ ကိုယ့်ဘဝကို ကိုယ် တာဝန်မယူတဲ့သူဟာ လွတ်လပ်တဲ့သူ မဖြစ်နိုင်ဘူး။
တကယ်လွတ်လပ်တဲ့ လူသားတစ်ယောက်၊ တကယ်လူပီသတဲ့ လူသားတစ်ယောက်၊ တကယ်လူဖြစ်ကျိုးနပ်တဲ့ လူသားတစ်ယောက်၊ ကိုယ့်ဘဝကို ကိုယ် တကယ်ကျေကျေနပ်နပ်နေတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့၊ တကယ်မြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာဖို့ဆိုရင် အချိန်တိုင်းအချိန်တိုင်းမှာ ချနေတဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်ပြီးတော့ ကိုယ် ဦးတည်ထားတဲ့ဦးတည်ချက်ကို အထောက်အကူပေးမယ့် ဆုံးဖြတ်ချက်မျိုးကို ချရမယ်။
တခြားလူတွေ ဘယ်လိုပဲနေနေ ငါ့အတွက်ကတော့ ငါ့ရဲ့ စိတ်ဓာတ် ဖွံ့ဖြိုးဖို့၊ မြင့်မြတ်တဲ့စိတ်ထားနဲ့အသိဥာဏ် ဖွံ့ဖြိုးဖို့အရေးကို ငါဟာ အချိန်တိုင်း အချိန်တိုင်း လုပ်နေတဲ့သူလို့ ကိုယ့်ကိုယ်ကို သဘောထားတဲ့လူဆိုရင် အချိန်တိုင်း အချိန်တိုင်းမှာ ဆုံးဖြတ်တိုင်း ဆုံးဖြတ်တိုင်း အဲဒီဆုံးဖြတ်ချက်ဟာ စိတ်ဓာတ်နဲ့အသိဥာဏ် လေးနက်ဖို့ မြင့်မြတ်ဖို့ ဖွံ့ဖြိုးဖို့ကို အထောက်အကူပေးတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ရမယ်။ အဲဒါဟာ exercise of freedom ပဲ။ ဒါ ကိုယ့်ရဲ့လွတ်လပ်မှုကို ကိုယ် လက်တွေ့ ကျင့်သုံးလိုက်တာပဲ။ လွတ်လပ်မှုကို ကျင့်သုံးနေမှ
လွတ်လပ်မှုရှိတယ်လို့ ဆိုနိုင်တယ်။
လွတ်လပ်မှုဆိုတာ ကိုယ့်ဘဝကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံးဖြစ်အောင်နေဖို့ ကိုယ်ယူရမယ့် တာဝန်ကို ခေါ်တာ။
လွတ်လပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုကိုယ် အုပ်ချုပ်နိုင်တာကို ပြောတာ၊
ကိုယ့်ကိုယ်ကိုကိုယ် အုပ်ချုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုကိုယ် စည်းကမ်းရှိအောင် ထိန်းသိမ်းနိုင်တာပြောတာ။ ကိုယ့်ကိုယ်ကိုကိုယ်
လေးစားတာကို ပြောတာ။ လွတ်လပ်မှုဆိုတာ ကိုယ်လုပ်ချင်တာကို လုပ်ရတာလောက်နဲ့ မပြည့်စုံသေးဘူး၊ မလုံလောက်သေးဘူး။ ရွေးစရာတွေအများကြီးပေးထားတဲ့အထဲက ကိုယ်ကြိုက်တာကိုရွေးယူခွင့် ရှိတာလောက်နဲ့လည်း မပြည့်စုံသေးဘူး၊ မလုံလောက်သေးဘူး။ အဓိကကျတဲ့ အရေးပါတဲ့ အခြေခံကျတဲ့ လွတ်လပ်မှုဟာ ရွေးစရာတွေ အများကြီးကို အရင်ဆုံး ဖန်တီးဖို့၊ ရွေးစရာတွေကိုပဲ ကိုယ်က ဖန်တီးဖို့၊ ပြီးတော့ အဲဒီရွေးစရာတွေနဲ့ပတ်သက်ပြီး အများနဲ့ ဆွေးနွေးညှိနှိုင်းဖို့၊ ပြီးမှ ရွေးဖို့ ဖြစ်ပါတယ်၊၊ ရွေးစရာတွေကို သူများက သတ်မှတ်ပေးပြီးမှ၊ အဲဒီ သတ်မှတ်ပေးပြီးသားတွေထဲက ကိုယ်က ရွေးချယ်မယ်ဆိုရင် အဲဒါ လွတ်လပ်မှုအစစ် မဟုတ်သေးဘူး။ ဘယ်ဟာတွေထဲကရွေးရမယ် ဆိုတာကို မသတ်မှတ်ခင်ကတည်းက အဲဒါတွေကို သတ်မှတ်ရာမှာ ကိုယ်က သတ်မှတ်ခွင့်ရှိမှ လွတ်လပ်တယ်။🌿🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှတစ်ဆင့်ပြန်လည်မျှဝေသည်
No comments:
Post a Comment