သမာဓိကောင်းလာရင် စိတ်တည်ငြိမ်လာရင် ဘာလုပ်လုပ် ပိုပြီးတော့ ထိရောက်တယ်။ ပိုပြီးတော့ အကျိုးရှိတယ်။ တည်ငြိမ်တဲ့စိတ်ဟာ ထက်နေတဲ့ဓါးနဲ့တူတယ်၊၊ တရားသတိနဲ့နေတဲ့ အလေ့အကျင့် များတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း သိတဲ့သူ၊ စေတနာမှန်တဲ့သူ၊ ရိုးသားတဲ့သူ၊ တကိုယ်ကောင်း မဆန်တဲ့သူဟာ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ မှန်မှန်ကန်ကန် ချနိုင်တယ်။ သတိနဲ့နေတဲ့သူဟာ အရေးမကြီးတဲ့ကိစ္စတွေမှာ ပတ်ဝန်းကျင်နဲ့ ပဋိပက္ခ မဖြစ်ဘူး။ အနိုင်လည်း မယူဘူး၊ အရှုံးလည်း မပေးဘူး။ ကိုယ့်စိတ်ဓါတ် အဆင့်အတန်း နိမ့်ကျသွားမယ့်ကိစ္စကို မလုပ်ဘူး။ သူများကို အနိုင်ရတာကို လွတ်လပ်တာလို့ မယူဆဘူး။ အနိုင်အရှုံး မရှိတာကို လွတ်လပ်တာလို့ ယူဆတယ်။ သူဟာ ကိုယ့်ရဲ့ စိတ်ဓါတ်အင်အားတွေ၊ အသိဉာဏ်တွေ၊ အရည်အချင်းတွေကို အကောင်းဆုံး နေရာမှာသုံးတယ်။ အကောင်းဆုံးနေရာမှာ သုံးတယ်ဆိုတာ ကိုယ့်စိတ်ဓါတ်နဲ့ အသိဉာဏ်ကို မြှင့်တင်တာပါပဲ။
လိုချင်နေတဲ့သဘောလေးတွေ သို့မဟုတ်ရင် စိတ်ဆိုးနေတဲ့ သဘောလေးတွေ သို့မဟုတ်ရင် သူ့အဆင့်အတန်း၊ ငါ့အဆင့်အတန်း၊ သူ့ဂုဏ် ငါ့ဂုဏ်တွေ စဉ်းစားနေတယ်။ အဲဒါလေးကို ပြန်ကြည့်စမ်းပါ။ အဲဒီစိတ်က လူကြီးဆန်သလား၊ လူကြီးဆန်တယ်၊ Mature ဖြစ်တယ်ဆိုတာ အသက်နံပါတ်နဲ့ မဆိုင်ဘူး။ အသိဉာဏ်နဲ့ပဲ ဆိုင်တယ်။ သတိနဲ့ သိနေတာ များလေလေ လူကြီးဆန်လေလေ ရင့်ကျက်လေလေ၊ မျှတလေလေ ဖြစ်လာမှာပါ။.ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။ ငါ ကလေးဆန်ချင်သလား၊ လူကြီးဆန်ချင်သလား။ အဖြေကတော့ လူကြီးဆန်ချင်တယ်လို့ပဲ ထွက်လာမှာပေါ့…။ ဒါက ပိုပြီး ရင့်ကျက်တယ်၊ ပိုကောင်းတာကိုး။ လူကြီးဆန်ချင်တယ်ဆိုရင် သတိနဲ့ များများနေမှရမယ်။ သတိလွတ်တယ်ဆိုတာနဲ့ တစ်ပြိုက်နက် ကိလေသာတွေ ၀င်ပြီ။ ကိလေသာ ၀င်ပြီဆိုတာနဲ့ တစ်ပြိုက်နက် အမျှော်အမြင် မရှိတော့ဘူး။ ရေရှည်ကို မမြင်တော့ဘူး။ ကလေးဆန်သွားပြီ။
နေ့စဉ် အချိန်မရွေး၊ နေရာမရွေး သတိကပ်ပြီးတော့နေတဲ့ အလေ့အကျင့်ကို ကြိုးကြိုးစားစား စိတ်ပါလက်ပါ လုပ်ကြည့်ပါ။ (၂)နှစ်၊ (၃)နှစ်လောက် လုပ်ကြည့်ရင်ပဲ စိတ်ဓါတ်ရော အသိဉာဏ်ပါ လေးနက်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ သဘောထား မှန်တဲ့သူ၊ သဘောထားကြီးတဲ့သူ ဖြစ်လာမယ်။ ဘ၀ကို အဓိပ္ပါယ်ရှိရှိ ကျေကျေနပ်နပ် နေနိုင်တဲ့သူဖြစ် လာမယ်။ သတိနဲ့နေတဲ့ အကျင့်ရသွားရင် သတိမပါ၊ ဉာဏ်မပါဘဲ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား နေတာမျိုး မနေနိုင်တော့ဘူး။ သတိနဲ့နေတဲ့အတွက်ကြောင့် အတ္တစွဲ၊ မာနစွဲ၊ ဒေါသနည်းသွားတယ်။ အတ္တ-မာန-ဒေါသ နည်းတဲ့အတွက်ကြောင့် သည်းခံနိုင်တယ်။ သည်းခံနိုင်တဲ့အတွက်ကြောင့် အမှား နည်းသွားတယ်။ သည်းမခံနိုင်ရင် အမှားများတာကိုး။ အမှား တစ်ခုခုမှားပြီးပြီဆိုရင် ဘယ်နှယ့်နေမလဲ၊ ဒီကိစ္စကို တအုံနွေးနွေးနဲ့ စဉ်းစားရပြီ။ ပို မပင်ပန်းဘူးလား။ ဒီလို သတိနဲ့ နေသွားခြင်းအားဖြင့် ဘယ်လောက်အကျိုးများတယ် ဆိုတာကို အခြေခံကလေးက စပြီးတော့ ပြောချင်တာနော်။ ကြီးကြီးကျယ်ကျယ် အဆင့်ကို မရောက်သေးဘူး။ ဒါပေမယ့် ဘ၀တစ်ခုလုံးဟာ ပိုပြီးတော့ အေးချမ်းမှု ရှိလာတယ်။ ကြည်လင်မှု ရှိလာတယ်။ ချမ်းသာလာတယ်။ ကိုယ်ဆင်းရဲမှု၊ စိတ်ဆင်းရဲမှုဟာ နည်းသွားတယ်။ အဲဒီလူဟာ တရားအားထုတ်တဲ့အခါမှာ ဘယ်လိုနေမလဲ၊ စိတ်ကပိုပြီးတော့ ဖြောင့်တယ်၊ စိတ်ကြည်ကြည်လင်လင် အေးအေး ချမ်းချမ်းနဲ့ပဲ စိတ်ဖြောင့်ဖြောင့်နဲ့ပဲ သူ တရားအားထုတ်သွားနိုင်တယ်။ သူကြာလေ တိုးတက်လေ ဖြစ်လာတယ်။ သူ့ဘ၀ အခြေအနေဟာ အစစအရာရာ တိုးတက်ပြောင်းလဲလာတယ်။
သတိနဲ့နေတဲ့သူဟာ လုပ်သင့်တာကို လုပ်တယ်။ လုပ်သင့်တဲ့အချိန်မှာ လုပ်တယ်။ သူ့နေရာလေးနဲ့သူ အံဝင်ခွင်ကျ ဖြစ်တယ်။ ဘာလုပ်ရမယ်ဆိုတာလည်း ရှင်းရှင်းလေး သိနေတယ်။ အလုပ်လုပ်တဲ့အခါမှာ လောဘရဲ့၊ ဒေါသရဲ့၊ မာနရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်ဘူး။ မနာလို ၀န်တိုမှု၊ သံသယတွေရဲ့ လွှမ်းမိုးမှုနဲ့ မလုပ်တော့ဘူး။ သတိလေးနဲ့ ဉာဏ်လေးနဲ့ သိပြီးတော့ ကြည့်ပြီးတော့ လုပ်တဲ့အတွက်ကြောင့် ကိုယ်လည်း အကျိုးရှိအောင်၊ သူတစ်ပါးလည်း အကျိုးရှိအောင် လုပ်တာပဲ များတယ်။ မှားရင်လည်းပဲ မတော်တဆ မှားသွားတာပဲ။ သူ့ဘ၀ဟာ ရိုးတယ်၊ ရှင်းတယ်။ ဒါကြောင့် သတိရှိခြင်းအားဖြင့် ဘ၀ဟာ ရှင်းလာတယ်။ ရိုးလာတယ်။ လူတော်တော်များများရဲ့ ဘ၀ဟာ မရိုးဘူး၊ မရှင်းဘူး။ အများကြီး ရှုပ်ထွေးနေတယ်။ ဘာဖြစ်လို့တုန်း။ စိတ်က ရှုပ်ထွေးနေတာကိုး၊ စိတ်ရှုပ်ထွေးနေသမျှ ဘ၀လည်း ရှုပ်ထွေးနေမှာပဲ။ စိတ်ရှင်းရင် ဘ၀လည်း ရှင်းတာပဲ၊၊ သတိရှိနေလို့ရှိရင် ဘ၀က ရိုးရှင်းမယ်။ လွယ်ကူမယ်။ သတိမရှိလို့ရှိရင် ဘ၀ဟာ တကယ့်ကို ၀န်ထုပ်ဝန်ပိုး အကြီးကြီး ဖြစ်လာမယ်။🌿🌿🌿
➖➖➖🍄🍄➖➖➖
ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )
၏
“ တွေးမိတိုင်း ပျော်တယ် ”
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
LIFE facebook page မှကူးယူဖော်ပြပါသည်
No comments:
Post a Comment